မြန်မာ မိန်းကလေးများ အတွက် နောက်ဆုံးပေါ် ထောင်ချောက် (သို့မဟုတ်) အငှားမယား

အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်သွေးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။

ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။ သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။

”ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ”ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။

သူလက်ခံသည်ဆိုသည့်အလုပ်မှာ အမျိုးသားတစ်ဦးနှင့် တိုက်ခန်းတစ်ခန်းတွင် တစ်လတန်သည်၊ နှစ်လတန်သည် အတူနေပေးရသည့် အငှားမယားဟု ဆိုရမည်ဖြစ်သည်။ ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားဈေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။

လှိုင်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော လေးထပ်တိုက်ခန်း တစ်ခုမှာ မဇာခြည်တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏အမြင်မှာမူ လင်မယားဟုပင် သိထားကြဟန်ရှိသည်။

မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ်စက်ရုံ တစ်ရုံတွင် လေးနှစ်နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာဆည်းပူးခဲ့ရပြီး ညီအစ်မဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းရရှိသည့်လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည်လိုက်နေသောကြောင့် အဝတ်အထည်ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်းရုန်းကန် ရသည်ဟု ဆိုသည်။

”အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်းမပြီးရင် Leader တွက အော်ဟစ်ပြီးဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်းတုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲရတာ၊ ပင် ပန်းသလောက် လစာမရခဲ့ဘူး”ဟု သူရပ်တည်ခဲ့ရပုံကို ပြောပြသည်။

အဆိုပါစက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။ ယင်းက ”အလုပ်ထဲက သူငယ်ချင်းတစ်ယောက်က ယောကျ်ားနဲ့မိန်းမဖြစ်တာ ဘာဆန်းလဲ။

ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ်လှတော့ သူက(ငှားရမ်းသည့်လူ) အတည်တကျတောင် လက်ထပ်ချင် လက်ထပ်မှာဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ”ဟုဆိုသည်။

ပထမဆုံး လက်ခံခဲ့သည့် အမျိုးသားက စက်ရုံတစ်ခုတွင် မန်နေဂျာအဆင့်ရှိကာ သူ့ကို ခရေပင်လမ်းခွဲသို့ လာရောက်ခေါ် ဆောင်ပြီး မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် အတူနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုစဉ်အခါကလည်း တိုက်ခန်းငှားရမ်းစဉ်က လင် မယားဟု ပြောကြားထားဟန်ရှိကြောင်း သူက ဆက်လက်ပြောပြသည်။

အငှားမယားအဖြစ် စတင်နေပေးချိန်က ပထမဆုံးလစာအနေဖြင့် တစ်လငါးသိန်းပေးပြီး စားသောက်စရိတ်၊ မီတာခ၊ စုစု ပေါင်း ငါးသိန်းပေးထားကြောင်း၊ အသုံးစရိတ်မှာ ငါးသိန်းအထိ မကုန်လျှင် ပိုသည့်ငွေ ကို ပြန်မယူတော့ဘဲ သူ့ကိုပေးတတ်ကြောင်း သိရသည်။

ယခုငှားရမ်းသည်ကို လက်ခံသည့်အခါတွင်မူ သူ့မှာ အပျိုမစစ်တော့သောကြောင့် တစ်လသုံးသိန်းသာ ရတော့ပြီး အဆို ပါအမျိုးသားထံ လာရောက်သည့် သူငယ်ချင်းများကိုပါ ဧည့်ခံပေးရကြောင်း သူကဆိုသည်။

”သူ အရက်သောက်မယ်ဆို အရက်ငှဲ့ပေးရတယ်။ နင်းပေး၊ နှိပ်ပေးရတယ်။ သူက မြစ်သာဘက်ကလို့ ပြောတယ်။ ဒီမှာကြာကြာ မနေရဘူး။ သင်္ဘော ပြန် တက်ရမှာနဲ့ အိမ်ပြန်ဖို့လဲ အဆင်မပြေလို့ ခုလိုပဲ အိမ်ငှားပြီး မိန်းမပါ အငှားယူတာလို့ ပြောတယ်”ဟု မဇာ ခြည်က ခပ်ပေါ့ပေါ့ ဆိုပြန်သေးသည်။

မဇာခြည်ကဲ့သို့ပင် တချို့စက်ရုံဝန်ထမ်းသမလေးများသည် သင်္ဘော သား၊ စက်ရုံ၊ ကုမ္ပဏီများမှ ရာထူးအဆင့်တစ်ခု ရှိနေသူ များနှင့် အငှားမယားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေကြသလို တချို့ အိမ်အကူများနှင့် ပြည့်တန်ဆာများသည်လည်း နိုင်ငံ ခြားသားများနှင့် အတူနေထိုင် ကာ ထိုအလုပ်မျိုး လုပ်ကိုင်နေကြ ကြောင်း သိရသည်။

ပြည်တွင်း၌ လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားကုမ္ပဏီများမှ နိုင်ငံခြားသား သို့မဟုတ် စက်ရုံ၊ ကုမ္ပဏီများရှိ နိုင်ငံခြားသားအ များစုတွင် အငှားမယား မြန်မာမိန်းကလေးများ ရှိနေပြီး များသော အားဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိသည့် အာရှနိုင်ငံသားများက ပိုမိုငှားရမ်းကြောင်း သိရသည်။

အထက်ဖော်ပြပါ အခြေအနေများထက် ပိုဆိုးသည့် အကြောင်း အရာတစ်ခုမှာ ချောမောလှပသည့် အမျိုးသမီးငယ်များကို လူမှုကွန် ရက်တွင် စတင်မိတ်ဆက်ပြီး ချစ်ကြိုက်လာသည့်အခါ လစာမပေးဘဲ အတူနေသည့် နိုင်ငံခြားသားများ၊ ကုမ္ပဏီများမှ အရာရှိများရှိ နေခြင်းဖြစ်သည်။

”သူနဲ့ကျွန်မက We Chat မှာ တွေ့တာ။ အပြင်မှာ နှစ်ခါ ချိန်း တွေ့ပြီး သူက တိုက်ခန်းဝယ်ပြီး အတူနေဖို့ တောင်းဆိုတယ်။ အ ဆောင်မှာ စိတ်မချတော့ဘူး။ ဒါပေမဲ့ အခုလက်ထပ်ဖို့က အဆင် မပြေနိုင်သေးလို့ နောက်နှစ် လက်ထပ်မှာလို့လဲ ပြောခဲ့တာ”ဟု ကုမ္ပဏီတစ်ခု တွင် ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သော ရှမ်းတရုတ် လူမျိုးတစ် ဦးနှင့် အတူနေထိုင်ခဲ့သူ မခိုင်ခိုင်(အမည်လွှဲ)က ပြောသည်။

မခိုင်ခိုင်က အိမ်တွင် ၎င်းတို့နှစ်ယောက်စာ ချက်ပြုတ်စား သောက်ရန် တစ်လ ငါးသိန်းပေးပြီး စတင်နေထိုင်စဉ်က ငွေကျပ် ၁ဝ သိန်းကိုလည်း သီးသန့်စုဆောင်းရန်ဟုဆိုကာ ပေးခဲ့ကြောင်း သိရသည်။

အတူနေပြီး ရက်အနည်းငယ်အကြာတွင် ထိုသူမှာ အလွန်ဇီဇာကြောင်ပြီး အိမ်အတွင်း ဖုန်တစ်မှုန်တင်တာ တွေ့သည်ဆို သည်နှင့် ကြိမ်းမောင်းပြောဆိုတတ်ကြောင်း၊ သူ နေမကောင်းဖြစ်လျှင်လည်း ဂရုမစိုက်သည့်အပြင် အိမ် တွင် သူ့ကိုထားခဲ့ကာ ဟိုတယ်၌ တစ်ယောက်တည်း သွားရောက် တည်းခိုနေတတ်ကြောင်း သူက ဆက်ပြောပြသည်။

“သူ ကျွန်မကိုချစ်လို့ အတူနေနေတာလို့ပဲ ထင်ခဲ့တာ။ နောက် ပိုင်း သူ့လုပ်ရပ်တွေကို ကြည့် ပြီးတော့ တဖြည်းဖြည်း ရိပ်မိလာတယ်။ လက်ထဲမှာ သီးသန့်အပ်ထားတဲ့ငွေကိုလဲ အလုပ်မှာ ပိုတိုး အောင် လုပ်ပေးမယ်။ ရလာတဲ့အမြတ်ကို မင်းပဲရမှာဆိုပြီး ပြန် တောင်းတယ်။

နောက်ပြီး သူ့အလုပ်က ဝန်ထမ်းထဲ က အရမ်းတော်တဲ့ ကောင်မလေးဆိုပြီး မိန်းကလေးတစ်ယောက်ဆီကို ညတိုင်း ဖုန်းဆက်တယ်။ မေးရင်လဲ နောက်တာလို့ပဲ ပြန်ဖြေတယ်။ သူ့ဖုန်းကို ပေးမကြည့်ဘူး”ဟု မခိုင်ခိုင်က ရင်ဖွင့်သည်။ နောက်ပိုင်းတွင် ယင်းအမျိုးသား၌ မယားကြီးရှိပြီး ထိုအမျိုး သမီးမှာ ၎င်းတို့၏ နိုင်ငံခြားရုံးခွဲ၌ ဦးဆောင်လျက်ရှိကြောင်းကို ဖွင့်ဟပြောဆိုလာသည်။

”သူက လူပျိုပါဆိုပြီး ပြောခဲ့တာ။ သူ့မှာ အိမ်ထောင်ရှိမှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှ သူကိုယ်တိုင် ဖွင့်ပြောပြီး ပထမအိမ်ထောင်ကို ကွာပေးမယ်။ နှစ်နှစ်လောက် ထပ်စောင့်ပါတဲ့။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ တကယ်ယူမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားလာရတယ်။ အမေ့ကို လှမ်းတိုင်ပင်တော့ တရားတွေဘာတွေလဲ စွဲမနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ရမှာတဲ့”ဟု သူကပြောသည်။

ထို့ကြောင့် သူ၏ဘဝမှာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလို အငှားမယားဆန်ဆန် ဖြစ်နေသော်လည်း တစ်ဖက်လှည့် ခံနေရသည်ကို သိသိကြီးနှင့် မည်သည့်တုံ့ပြန်မှုမှ မလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် သူ၏ ဇာတိဖြစ်သော ဟိုပုံးမြို့သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ ရှိနေသည့် အငှားမယား အများစုသည် နယ်အသီးသီးမှ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ရာမှ ထိုဘဝကို ရောက်ရှိ သွားခြင်းဖြစ်ပြီး တချို့စက်ရုံများမှ ယင်းကဲ့သို့ ဖြစ်လာ သူများကိုမူ ပတ်ဝန်းကျင်မှ အနည်းအကျင်းမျှသာ သိနေကြသည်။

အဆိုပါ မိန်းကလေးအများစုသည် အသက် ၂ဝ နှင့် ၃ဝ ကြား ဆင်းရဲသည့် မိန်းကလေး များဖြစ်ကြပြီး မိသားစု စားဝတ်နေရေးအ တွက်ကြောင့်သာ ယခုကဲ့သို့ ဇာတ်မြှုပ်လိုက်ကြရခြင်း ဖြစ်သည်။

ပညာမတတ်သူများကို အိမ်အကူဆိုသော်လည်း လစာကောင်းသည်ဟု သိမ်းသွင်းခဲ့သူများမှာ မိမိတို့အကျိုးအမြတ်ကိုသာ ရှေးရှုသည့် အိမ်ဖော်ပွဲစားများဖြစ်ပြီး လက်ခံခဲ့သော အိမ်အကူများအ နေဖြင့် အလုပ်ရှင် နိုင် ငံခြားသားများမှ အနိုင်အထက်၊ အဓမ္မပြုမှု ခံရသည့်အခါ ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ သဘောတူလိုက်ရခြင်းများရှိကြောင်း သိရသည်။ ထိုဖြစ်စဉ်များသည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေနှင့် ငြိစွန်းလျက်ရှိသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ (၅/၂ဝဝ၅) အခန်း (၁)၊ အပုဒ် (၃)အရ လူတစ်ဦးကို သူ၏သဘောတူညီချက်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန်အလို့ငှာ သိမ်းသွင်း စုဆောင်း ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းရောင်းချ၊ ဝယ်ယူငှားရမ်း ခြင်း၊ ခိုလှုံခွင့်ပေးခြင်းတို့မှာ လူကုန်ကူးမှု မြောက်သည်။

”တိုင်လို့ရတယ်ဆိုတော့လဲ ကျွန်မတို့အတွက်က ဘာမှမထူး တော့ဘူး။ ဒီအလုပ် က ဝင်ငွေလဲကောင်းနေတာပဲ။ အငှားမယား မလုပ်နဲ့ဆိုရင် ဘယ်သူက ဘယ်လိုတာဝန်ယူပေးမလဲပေါ့။ ဆင်းရဲ တွင်းထဲမှာ နေတာထက်စာရင် မထူးဇာတ်ပဲ ဆက်ခင်းပါရစေတော့” ဟု မဇာခြည်က မဲ့ပြုံးပြုံး၍ ပြော သည်။

သူတို့လို မိန်းမသားများအား မိသားစု စီးပွားရေးအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေနည်းပါးခြင်းများက လမ်း ကြောင်းအမှားတစ်ခုသို့ တွန်းပို့လိုက်သောကြောင့် ယခုလို လိင် ကျေးကျွန်ဘဝ သို့ ရောက်ရှိလာရခြင်း ဖြစ်သည်။

အငှားမယားများအနေဖြင့် ပြည့်တန်ဆာလိုပင် ဥပဒေအကာအကွယ်မဲ့သော၊ အန္တရာယ်များလွန်းသည့် တရားမဝင် အလုပ်တစ်ခုကို စီးပွားရေး အဆင်မပြေနိုင်သေးသမျှ အခြားရွေးချယ်စရာ မရှိသူများအတွက် ထို ဘဝမျိုးဖြင့်သာ ဆက်လက်ကျင်လည်နေရဦးမည်ဖြစ်သည်။

Leave a Comment