ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား (မူရင်းအမည်နာမ မပျောက်စေလို)

ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား မူရင်းအမည်နာမ မပျောက်စေလို (သမိုင်းကြောင်း အမှန်)

“တောင်သမန်တံတား အမည်နာမ မပျောက်စေလို” မြန်မာ့သမိုင်း၏ ရှေးဟောင်းမြို့ပြများအကြောင်း ပြောတိုင်း အမရပူရက မပါမဖြစ် မြို့တော်ဟောင်း ဖြစ်သည်။

အမရပူရအကြောင်း ပြောတိုင်းလည်း အရှည် ၃၉၆၇ ပေ ရှိပြီး ကောဇာသက္ကရာဇ် ၁၂၁၃ ခုနှစ်က တည်ဆောက် ပြီးစီးကာ ယခုတိုင် တည်ရှိနေသော သစ်သားတံတားကြီး အကြောင်းကိုလည်း အရေးတယူ ပြောကြရသည်။

ထိုတံတားကြီးက အမရပူရ နေပြည်တော်ကို ဆီးကာထားသည့် တောင်သမန်အင်းကို ဖြတ်သန်း တည်ဆောက်ထားသောကြောင့် တောင်သမန်တံတားဟု အစဉ်အဆက် မှတ်သား ကမ္ပည်းတင်ခဲ့၏။

သို့သော် တံတားတည်ဆောက်သူ၏ အမည်ကို အစွဲပြုကာ မောင်ပိန်တံတားမှသည် ဦးပိန်တံတားဟုပဲ အရပ်သုံး အခေါ်အဝေါ်အဖြစ် သုံးစွဲခဲ့ကြရာမှ ယခုအခါ မူလကမ္ပည်းတင် အမည်မှန်ဖြစ်သော တောင်သမန်တံတား အခေါ်အဝေါ် ပျောက်ကွယ်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။

“ပုဂံမင်း နှင့် အမရပူရ” အမရပူရ ထီးနန်းကို ပုဂံမင်း ဆက်ခံချိန်တွင် မြန်မာပြည်အောက်ပိုင်း သရက်မြေထဲအထိ အင်္ဂလိပ်က သိမ်းပိုက်ထားပြီး ထီးနန်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်သော်လည်း ပုဂံမင်းက တိုင်းရေးပြည်ရာကို စိတ်မဝင်စားချေ။

အရေးကြီးသည့် တိုင်းရေးပြည်ရာ ကိစ္စများကို မင်းညီမင်းသား မှူးမတ်များအား၊ ‘မျက်နှာ လွှဲခဲပစ်’ လွှဲအပ်ထားပြီး ကိုယ်တော်တိုင်က အပျော်အပါး၌သာ ယစ်မူး မွေ့လျော် ပျော်ပိုက်နေပေသည်။

အထူးသဖြင့် ပုဂံမင်း ဝါသနာထုံသည်က တိရစ္ဆာန် အချင်းချင်း တိုက်ခြင်းနှင့် လက်ဝှေ့ထိုးသတ်မှုများဟု ဆိုသည်။ ကြက်တိုက် ကစားသည်၊ ကျွဲ၊ ဆိတ်၊ သိုး စသော တိရစ္ဆာန်များ တိုက်ဝှေ့စေခြင်းလည်း မွေ့ပျော်သည်။

စဉ်းစားဆင်ခြင်ဉာဏ်မဲ့ပြီး အပျော်အပါးအလောင်း အစား၌သာ ပျော်မွေ့သောရှင်ဘုရင်တွင် သူ့အပါး၌ မြှောက်ပင့်၊ ကပ်စား ဖော်လံဖားပြီး နေရာယူ အခွင့်အရေးယူ အနေချောင်သူများ ရှိနေသည်မှာလည်း လောကဓမ္မတာ ဖြစ်သည်။

ပုဂံမင်း၌ သူ အလွန် ယုံကြည်အားကိုး အရေးပေးသော သွားလေရာ အမြဲပါ သူလက်သုံးတော်များအနက် မြို့ဝန်ဘိုင်ဆတ် ဆိုသူက အထင်အရှား ဖြစ်သည်။ မြို့ဝန်ဘိုင်ဆတ် တွင်လည်း အားကိုးအားထားရသူ မြို့ဝန်စာရေး မောင်ပိန် ဆိုသူကလည်း အကင်းပါးလှသူဖြစ်သည်။

ဘုရင့်အလိုကျ စိတ်တော်သိ ဗောင်းတော်ညိတ်ထဲတွင် မြို့ဝန်ဘိုင်ဆတ်နှင့် စာရေးမောင်ပိန်တို့က ထိပ်ဆုံးကဟု ဆို၏။ မောင်ပိန်၏ အသိုင်းအဝိုင်းမှာပင် ပုဂံမင်းအတွက် အချိန်မရွေး ကြက်တိုက်၊ ငှက်တိုက်နိုင်ဖို့ ကျေးငှက် တိရစ္ဆာန်တွေ အဆင်သင့် မွေးမြူထားကြသည်ဟုဆိုသည်။

“တံတားစီမံကိန်း”

ပုဂံမင်းက အလောင်းအစား၊ အပျော်အပါးတွင် ထုံမွေ့ အချိန်ပေးသော်လည်း တစ်ဖက် ကုသိုလ်ကောင်းမှု၌လည်း လက်မနှေးစိတ် သဘောထား နူးညံ့ ပျော့ပျောင်းသည်ဟုဆို၏။

ထို့ကြောင့်လည်း မင်းနားကပ်၍ ခစားကြသော လူယုံတို့၏ အလိုကို မဆိုင်းမတွ ဖြည့်ဆည်းပေးပုံလည်း ရသည်။ တောင်သမန် တစ်ဆယ့်နှစ်ရပ်မှ ပြည်သူအများက မိုးတွင်းကာလ ရောက်လျှင် တောင်သမန်အင်းက ရေပြည့်သောကြောင့် အမရပူရ ရွှေမြို့တော်နှင့် သွားရေးလာရေး ခက်ခဲခဲ့ကြသည်။

ထို့ကြောင့် အင်းကိုဖြတ်၍ တံတားတစ်စင်း ဆောက်လုပ်ရန် အစီအမံကို မောင်ပိန်တို့က ပုဂံမင်းထံ တင်ပြသည်။

လတ်တလောအနေဖြင့် တောင်သမန် တစ်ဆယ့်နှစ်ရပ်က ဆင်းရဲသား ပြည်သူတွေသွားရေး၊ လာရေး လွယ်ကူစေရန် စီစဉ်သော မောင်ပိန်တို့၏ အစီအမံအပေါ် ပုဂံမင်းက လက်ခံသည်။

ဤတံတားအတွက် ဘုရင့်ဘဏ္ဍာတော် တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာ မလိုသော ‘စီမံကိန်း’ ဟု ဆိုပြန်တော့ ပို၍ အဆင်ပြေသည်။

“ရယူဖျက်သိမ်း သုံးစွဲခွင့်”

တံတားစီမံကိန်းအတွက် လိုအပ်သော သစ်သားများ ရရှိဖို့က ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွန့်ပစ်ထားခဲ့သော စစ်ကိုင်း ထီးနန်း၊ အင်းဝ ထီးနန်းများ၏ ကျောင်းတော်၊ အိမ်တော်၊ နန်းတော်ဟောင်းများကား ချုံပုတ်အုတ်ပုံကြား အလဲလဲ အပြိုပြို ဖြစ်နေသောကြောင့် စွန့်ပစ်၊ ဆွေးမြည့်၊ မီးသင့်၊ ခြစားခြင်းအတူတူ၊ ရယူဖျက်သိမ်း သုံးစွဲခွင့် ‘လိုင်စင်’ ချထားပေးရန် လျှောက်ထားခြင်း ဖြစ်သည်။

ပုဂံမင်းကလည်း နန်းတော် အိမ်တော်များမှ အသားများသည် ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ အသုံးမပြုနိုင်၊ သာသနိက အဆောက်အအုံ ဆောက်လုပ်ရန်မှာလည်း မှူးမတ်တို့ အသုံးပြုနေထိုင်ဖူး ဖြစ်သဖြင့် မသင့်လျော်။

အလဟဿ ဆွေးမြည့် ပျက်စီးမည့်အတူ၊ ထိုသစ်ဟောင်းများဖြင့် တံတားဆောက်လုပ်ခြင်းက သင့်လျော်သည်ဟု ဆုံးဖြတ်ပြီး မြို့စာရေးမောင်ပိန်အား စစ်ကိုင်း၊ အင်းဝ နန်းတော်၊ အိမ်တော်ဟောင်းများ ဖျက်သိမ်း၍ အသားဟောင်းများ ရယူကာ တံတား တည်ဆောက်ခွင့် ပေးသနားတော်မူခဲ့သည်။

ထို့ကြောင့် မောင်ပိန်က စစ်ကိုင်း၊ အင်းဝက နန်းတော် အိမ်တော်ဟောင်းများ ဖျက်သိမ်းပြီး ရရှိသည့် ကျွန်းလုံး၊ ကျွန်းတိုင်၊ ကျွန်းသားများနှင့် တောင်သမန်အင်း ဖြတ် တံတားဆောက်သည်။

ထို့ကြောင့် တံတား စတင် ဆောက်လုပ်သည့် ‘အင်း က အော် အာဆောက် လုပ်ခါ’ ဟူသော ၁၂၁၁ ခုနှစ်ကပင် အသုံးပြုသော သစ်သားများက ရှေးဟောင်း ဖြစ်နေပေပြီ။

“အင်းကအော်ညီး၊ ဆောက်လုပ်ပြီး”

မြို့စာရေးမောင်ပိန်က ဘုရင် ပေးသနားသော သစ်ဟောင်းများနှင့် ကျေးလက်လူထု လုပ်အား ရယူကာ တည်ဆောက်ခဲ့သော တံတားကြီးက နှစ်နှစ်အကြာမှာ ပြီးစီးသည်။

ထို့ကြောင့် တံတား ပြီးစီးသည့်နှစ်ကို ‘အင်းက အော်ညီး၊ ဆောက်လုပ်ပြီး’ ဟု သက္ကရာဇ် ၁၂၁၃ ခုနှစ် (ခရစ်နှစ် ၁၈၅၁) ကို မှတ်သားခဲ့ကြသည်။

မှတ်မှတ်ရရ တံတားပြီးသည့် ၁၂၁၃ ခုနှစ်တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့မှာပင် မြို့ဝန်နှင့် ဝန်စာရေး ခေါင်းဆောင်သော အပေါင်းပါတို့ကို ရွှေနန်းတော်အတွင်း ဥပဒေမဲ့ လုပ်ရပ်တစ်ခုမှ အစပြု၍ မဟုတ်မမှန် ပြည်သူပြည်သားတို့ကိုညှဉ်းပန်းနှိပ်စက် ကြေးငွေစား သတ်ဖြတ်ပြုကျင့်ကြောင်းများကို အလုံးစုံ သိတော်မူ၍ လွှတ်တော်က မေးမြန်းစေကာ နတ်တော် လပြည့်ကျော် ၇ ရက်နေ့တွင် အမိန့်တော်အရ ကွပ်မျက်တော်မူခဲ့ကြောင်း ဖြစ်ရပ်ကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖတ်မှတ်ရပါ၏။

“တောင်သမန် တံတားဟူသော အဖိုးတန်အမည်” တံတားအရှည် ၃၉၆၇ ပေရှိပြီး အခန်းပေါင်း ၄၈၂ ခန်း ရှိကာ ရေလယ်ဇရပ်တိုင်များ အပါအဝင် တိုင်ပေါင်း ၁၀၈၆ တိုင်၊ ရေကြီးချိန် ဖောင်များ၊ လှေများ ဖြတ်သန်းဖို့ ဖောင်ကြောင်း ကိုးကြောင်းပါသည့် သစ်သား တံတားကြီးက လွန်ခဲ့သော နှစ်ပေါင်း ၁၆၈ နှစ်ကတည်းက သွားရေးလာရေးအတွက် အဆင်ပြေ ချောမွေ့သကဲ့သို့ ယခုအခါ ကမ္ဘာကျော်သည့် ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်ခဲ့ချေပြီ။

သို့သော် တောင်သမန်တံတား ဟူသော အဖိုးတန်အမည် ကွယ်ပျောက်နေသည်ကတော့ ဝမ်းနည်းဖွယ် ဖြစ်ပါသည်။ တောင်သမန်တံတား ဟူသည်က မူလအမည်မှန် ဖြစ်ပါ၏ ။ ။

Credit … ဆူးငှက်

Zawgyi

ဦးပိန္တံတား မဟုတ္တဲ့ ေတာင္သမန္တံတား မူရင္းအမည္နာမ မေပ်ာက္ေစလို (သမိုင္းေၾကာင္း အမွန္)

“ေတာင္သမန္တံတား အမည္နာမ မေပ်ာက္ေစလို” ျမန္မာ့သမိုင္း၏ ေရွးေဟာင္းၿမိဳ႕ျပမ်ားအေၾကာင္း ေျပာတိုင္း အမရပူရက မပါမျဖစ္ ၿမိဳ႕ေတာ္ေဟာင္း ျဖစ္သည္။

အမရပူရအေၾကာင္း ေျပာတိုင္းလည္း အရွည္ ၃၉၆၇ ေပ ရွိၿပီး ေကာဇာသကၠရာဇ္ ၁၂၁၃ ခုႏွစ္က တည္ေဆာက္ ၿပီးစီးကာ ယခုတိုင္ တည္ရွိေနေသာ သစ္သားတံတားႀကီး အေၾကာင္းကိုလည္း အေရးတယူ ေျပာၾကရသည္။

ထိုတံတားႀကီးက အမရပူရ ေနျပည္ေတာ္ကို ဆီးကာထားသည့္ ေတာင္သမန္အင္းကို ျဖတ္သန္း တည္ေဆာက္ထားေသာေၾကာင့္ ေတာင္သမန္တံတားဟု အစဥ္အဆက္ မွတ္သား ကမၸည္းတင္ခဲ့၏။

သို႔ေသာ္ တံတားတည္ေဆာက္သူ၏ အမည္ကို အစြဲျပဳကာ ေမာင္ပိန္တံတားမွသည္ ဦးပိန္တံတားဟုပဲ အရပ္သုံး အေခၚအေဝၚအျဖစ္ သုံးစြဲခဲ့ၾကရာမွ ယခုအခါ မူလကမၸည္းတင္ အမည္မွန္ျဖစ္ေသာ ေတာင္သမန္တံတား အေခၚအေဝၚ ေပ်ာက္ကြယ္ေနသည္မွာ ဝမ္းနည္းဖြယ္ျဖစ္သည္။

“ပုဂံမင္း ႏွင့္ အမရပူရ” အမရပူရ ထီးနန္းကို ပုဂံမင္း ဆက္ခံခ်ိန္တြင္ ျမန္မာျပည္ေအာက္ပိုင္း သရက္ေျမထဲအထိ အဂၤလိပ္က သိမ္းပိုက္ထားၿပီး ထီးနန္း လုံၿခဳံေရးအတြက္ စိုးရိမ္ဖြယ္ရာ အေျခအေန ျဖစ္ေသာ္လည္း ပုဂံမင္းက တိုင္းေရးျပည္ရာကို စိတ္မဝင္စားေခ်။

အေရးႀကီးသည့္ တိုင္းေရးျပည္ရာ ကိစၥမ်ားကို မင္းညီမင္းသား မႉးမတ္မ်ားအား၊ ‘မ်က္ႏွာ လႊဲခဲပစ္’ လႊဲအပ္ထားၿပီး ကိုယ္ေတာ္တိုင္က အေပ်ာ္အပါး၌သာ ယစ္မူး ေမြ႕ေလ်ာ္ ေပ်ာ္ပိုက္ေနေပသည္။

အထူးသျဖင့္ ပုဂံမင္း ဝါသနာထုံသည္က တိရစာၦန္ အခ်င္းခ်င္း တိုက္ျခင္းႏွင့္ လက္ေဝွ႔ထိုးသတ္မႈမ်ားဟု ဆိုသည္။ ၾကက္တိုက္ ကစားသည္၊ ကြၽဲ၊ ဆိတ္၊ သိုး စေသာ တိရစာၦန္မ်ား တိုက္ေဝွ႔ေစျခင္းလည္း ေမြ႕ေပ်ာ္သည္။

စဥ္းစားဆင္ျခင္ဉာဏ္မဲ့ၿပီး အေပ်ာ္အပါးအေလာင္း အစား၌သာ ေပ်ာ္ေမြ႕ေသာရွင္ဘုရင္တြင္ သူ႔အပါး၌ ေျမႇာက္ပင့္၊ ကပ္စား ေဖာ္လံဖားၿပီး ေနရာယူ အခြင့္အေရးယူ အေနေခ်ာင္သူမ်ား ရွိေနသည္မွာလည္း ေလာကဓမၼတာ ျဖစ္သည္။

ပုဂံမင္း၌ သူ အလြန္ ယုံၾကည္အားကိုး အေရးေပးေသာ သြားေလရာ အၿမဲပါ သူလက္သုံးေတာ္မ်ားအနက္ ၿမိဳ႕ဝန္ဘိုင္ဆတ္ ဆိုသူက အထင္အရွား ျဖစ္သည္။ ၿမိဳ႕ဝန္ဘိုင္ဆတ္ တြင္လည္း အားကိုးအားထားရသူ ၿမိဳ႕ဝန္စာေရး ေမာင္ပိန္ ဆိုသူကလည္း အကင္းပါးလွသူျဖစ္သည္။

ဘုရင့္အလိုက် စိတ္ေတာ္သိ ေဗာင္းေတာ္ညိတ္ထဲတြင္ ၿမိဳ႕ဝန္ဘိုင္ဆတ္ႏွင့္ စာေရးေမာင္ပိန္တို႔က ထိပ္ဆုံးကဟု ဆို၏။ ေမာင္ပိန္၏ အသိုင္းအဝိုင္းမွာပင္ ပုဂံမင္းအတြက္ အခ်ိန္မေ႐ြး ၾကက္တိုက္၊ ငွက္တိုက္ႏိုင္ဖို႔ ေက်းငွက္ တိရစာၦန္ေတြ အဆင္သင့္ ေမြးျမဴထားၾကသည္ဟုဆိုသည္။

“တံတားစီမံကိန္း”

ပုဂံမင္းက အေလာင္းအစား၊ အေပ်ာ္အပါးတြင္ ထုံေမြ႕ အခ်ိန္ေပးေသာ္လည္း တစ္ဖက္ ကုသိုလ္ေကာင္းမႈ၌လည္း လက္မေႏွးစိတ္ သေဘာထား ႏူးညံ့ ေပ်ာ့ေပ်ာင္းသည္ဟုဆို၏။

ထို႔ေၾကာင့္လည္း မင္းနားကပ္၍ ခစားၾကေသာ လူယုံတို႔၏ အလိုကို မဆိုင္းမတြ ျဖည့္ဆည္းေပးပုံလည္း ရသည္။ ေတာင္သမန္ တစ္ဆယ့္ႏွစ္ရပ္မွ ျပည္သူအမ်ားက မိုးတြင္းကာလ ေရာက္လွ်င္ ေတာင္သမန္အင္းက ေရျပည့္ေသာေၾကာင့္ အမရပူရ ေ႐ႊၿမိဳ႕ေတာ္ႏွင့္ သြားေရးလာေရး ခက္ခဲခဲ့ၾကသည္။

ထို႔ေၾကာင့္ အင္းကိုျဖတ္၍ တံတားတစ္စင္း ေဆာက္လုပ္ရန္ အစီအမံကို ေမာင္ပိန္တို႔က ပုဂံမင္းထံ တင္ျပသည္။

လတ္တေလာအေနျဖင့္ ေတာင္သမန္ တစ္ဆယ့္ႏွစ္ရပ္က ဆင္းရဲသား ျပည္သူေတြသြားေရး၊ လာေရး လြယ္ကူေစရန္ စီစဥ္ေသာ ေမာင္ပိန္တို႔၏ အစီအမံအေပၚ ပုဂံမင္းက လက္ခံသည္။

ဤတံတားအတြက္ ဘုရင့္ဘ႑ာေတာ္ တစ္ျပားတစ္ခ်ပ္မွ် ကုန္က်စရာ မလိုေသာ ‘စီမံကိန္း’ ဟု ဆိုျပန္ေတာ့ ပို၍ အဆင္ေျပသည္။

“ရယူဖ်က္သိမ္း သုံးစြဲခြင့္”

တံတားစီမံကိန္းအတြက္ လိုအပ္ေသာ သစ္သားမ်ား ရရွိဖို႔က ေဘးေလာင္းေတာ္၊ ဘိုးေလာင္းေတာ္တို႔ စြန္႔ပစ္ထားခဲ့ေသာ စစ္ကိုင္း ထီးနန္း၊ အင္းဝ ထီးနန္းမ်ား၏ ေက်ာင္းေတာ္၊ အိမ္ေတာ္၊ နန္းေတာ္ေဟာင္းမ်ားကား ခ်ဳံပုတ္အုတ္ပုံၾကား အလဲလဲ အၿပိဳၿပိဳ ျဖစ္ေနေသာေၾကာင့္ စြန္႔ပစ္၊ ေဆြးျမည့္၊ မီးသင့္၊ ျခစားျခင္းအတူတူ၊ ရယူဖ်က္သိမ္း သုံးစြဲခြင့္ ‘လိုင္စင္’ ခ်ထားေပးရန္ ေလွ်ာက္ထားျခင္း ျဖစ္သည္။

ပုဂံမင္းကလည္း နန္းေတာ္ အိမ္ေတာ္မ်ားမွ အသားမ်ားသည္ ေက်းေတာ္မ်ိဳး၊ ကြၽန္ေတာ္မ်ိဳးမ်ား အသုံးမျပဳႏိုင္၊ သာသနိက အေဆာက္အအုံ ေဆာက္လုပ္ရန္မွာလည္း မႉးမတ္တို႔ အသုံးျပဳေနထိုင္ဖူး ျဖစ္သျဖင့္ မသင့္ေလ်ာ္။

အလဟႆ ေဆြးျမည့္ ပ်က္စီးမည့္အတူ၊ ထိုသစ္ေဟာင္းမ်ားျဖင့္ တံတားေဆာက္လုပ္ျခင္းက သင့္ေလ်ာ္သည္ဟု ဆုံးျဖတ္ၿပီး ၿမိဳ႕စာေရးေမာင္ပိန္အား စစ္ကိုင္း၊ အင္းဝ နန္းေတာ္၊ အိမ္ေတာ္ေဟာင္းမ်ား ဖ်က္သိမ္း၍ အသားေဟာင္းမ်ား ရယူကာ တံတား တည္ေဆာက္ခြင့္ ေပးသနားေတာ္မူခဲ့သည္။

ထို႔ေၾကာင့္ ေမာင္ပိန္က စစ္ကိုင္း၊ အင္းဝက နန္းေတာ္ အိမ္ေတာ္ေဟာင္းမ်ား ဖ်က္သိမ္းၿပီး ရရွိသည့္ ကြၽန္းလုံး၊ ကြၽန္းတိုင္၊ ကြၽန္းသားမ်ားႏွင့္ ေတာင္သမန္အင္း ျဖတ္ တံတားေဆာက္သည္။

ထို႔ေၾကာင့္ တံတား စတင္ ေဆာက္လုပ္သည့္ ‘အင္း က ေအာ္ အာေဆာက္ လုပ္ခါ’ ဟူေသာ ၁၂၁၁ ခုႏွစ္ကပင္ အသုံးျပဳေသာ သစ္သားမ်ားက ေရွးေဟာင္း ျဖစ္ေနေပၿပီ။

“အင္းကေအာ္ညီး၊ ေဆာက္လုပ္ၿပီး”

ၿမိဳ႕စာေရးေမာင္ပိန္က ဘုရင္ ေပးသနားေသာ သစ္ေဟာင္းမ်ားႏွင့္ ေက်းလက္လူထု လုပ္အား ရယူကာ တည္ေဆာက္ခဲ့ေသာ တံတားႀကီးက ႏွစ္ႏွစ္အၾကာမွာ ၿပီးစီးသည္။

ထို႔ေၾကာင့္ တံတား ၿပီးစီးသည့္ႏွစ္ကို ‘အင္းက ေအာ္ညီး၊ ေဆာက္လုပ္ၿပီး’ ဟု သကၠရာဇ္ ၁၂၁၃ ခုႏွစ္ (ခရစ္ႏွစ္ ၁၈၅၁) ကို မွတ္သားခဲ့ၾကသည္။

မွတ္မွတ္ရရ တံတားၿပီးသည့္ ၁၂၁၃ ခုႏွစ္တန္ေဆာင္မုန္းလဆန္း ၆ ရက္ေန႔မွာပင္ ၿမိဳ႕ဝန္ႏွင့္ ဝန္စာေရး ေခါင္းေဆာင္ေသာ အေပါင္းပါတို႔ကို ေ႐ႊနန္းေတာ္အတြင္း ဥပေဒမဲ့ လုပ္ရပ္တစ္ခုမွ အစျပဳ၍ မဟုတ္မမွန္ ျပည္သူျပည္သားတို႔ကိုညႇဥ္းပန္းႏွိပ္စက္ ေၾကးေငြစား သတ္ျဖတ္ျပဳက်င့္ေၾကာင္းမ်ားကို အလုံးစုံ သိေတာ္မူ၍ လႊတ္ေတာ္က ေမးျမန္းေစကာ နတ္ေတာ္ လျပည့္ေက်ာ္ ၇ ရက္ေန႔တြင္ အမိန္႔ေတာ္အရ ကြပ္မ်က္ေတာ္မူခဲ့ေၾကာင္း ျဖစ္ရပ္ကိုလည္း ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီးတြင္ ဖတ္မွတ္ရပါ၏။

“ေတာင္သမန္ တံတားဟူေသာ အဖိုးတန္အမည္” တံတားအရွည္ ၃၉၆၇ ေပရွိၿပီး အခန္းေပါင္း ၄၈၂ ခန္း ရွိကာ ေရလယ္ဇရပ္တိုင္မ်ား အပါအဝင္ တိုင္ေပါင္း ၁၀၈၆ တိုင္၊ ေရႀကီးခ်ိန္ ေဖာင္မ်ား၊ ေလွမ်ား ျဖတ္သန္းဖို႔ ေဖာင္ေၾကာင္း ကိုးေၾကာင္းပါသည့္ သစ္သား တံတားႀကီးက လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၆၈ ႏွစ္ကတည္းက သြားေရးလာေရးအတြက္ အဆင္ေျပ ေခ်ာေမြ႕သကဲ့သို႔ ယခုအခါ ကမာၻေက်ာ္သည့္ ေရွးေဟာင္း အေမြအႏွစ္တစ္ခု ျဖစ္ခဲ့ေခ်ၿပီ။

သို႔ေသာ္ ေတာင္သမန္တံတား ဟူေသာ အဖိုးတန္အမည္ ကြယ္ေပ်ာက္ေနသည္ကေတာ့ ဝမ္းနည္းဖြယ္ ျဖစ္ပါသည္။ ေတာင္သမန္တံတား ဟူသည္က မူလအမည္မွန္ ျဖစ္ပါ၏ ။ ။

Credit … ဆူးငွက္

Leave a Comment